Thursday, September 6, 2018

သစ်တောစီးပွား စကားဝိုင်း - 2



သစ်တောကဏ္ဍနှင့် ဆက်စပ်သည့် နိုင်ငံ့စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့ရာ အဆိုပါစကားဝိုင်း ဆွေးနွေးပွဲတွင် ဦးကျော်ကျော်လွင် (ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ သစ်တောဦးစီး ဌာန)၊ ဦးခွန်အောင်စိုး (အထွေထွေမန်နေဂျာ၊ ပြည်တွင်း ရောင်းဝယ်ရေးနှင့် သစ်စက် ဌာန၊ မြန်မာ့သစ်လုပ်ငန်း)၊ ဒေါက်တာဆန်းဦး (ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန)၊ ဦးစိုင်းမျိုးဝင်း(Excellent Fortune Development Group ၊ Chairman & Founder)၊ ဒေါက်တာဝင်းမောင် (ဥက္ကဋ္ဌ၊ မြန်မာ့ပတ်ဝန်းကျင်သိပ္ပံ) နှင့် ဦးအာကာမင်း (မန်နေဂျင်းဒါရိုက်တာ ၊ High United Co., Ltd.)တို့က ပါဝင်ဆွေးနွေးကြသည်။

အဆိုပါစကားဝိုင်းတွင် ဆွေးနွေးခဲ့သည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။

ယမန်နေ့မှအဆက်

ဒေါက်တာဝင်းမောင် ။ ။ နိုင်ငံတော်မှာ စီးပွားတိုးတက်မှု ဆောင်ရွက်တဲ့အခါ နိုင်ငံတော်ရဲ့ စီးပွားရေးတိုးတက်ဖို့ဖြစ်ဖြစ်၊ ဒေသစီးပွားရေး တိုးတက်ဖို့ဖြစ်ဖြစ်၊ မိသားစုတစ်ခု စီးပွားရေး တိုးတက်ဖို့ဖြစ်ဖြစ် လုပ်ဆောင်တဲ့အခါမှာ ဟန်ချက်ညီဖို့ အရေးကြီးပါတယ်။ ဟန်ချက်ညီပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်တဲ့ အခါမှာ အစိုးရချည်းဆောင်ရွက်ရင် အောင်မြင်သင့်သလောက် မအောင်မြင်ဘူးလို့ ထင်ပါတယ်။ အစိုးရရယ်၊ Private sector ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ Institution တွေ အားလုံး ပေါင်းပြီး ဆောင်ရွက်မှသာလျှင် နိုင်ငံတော်ရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်နိုင်မှာ ဖြစ်တယ်လို့ ယုံကြည်ပါတယ်။

ကျွန်တော်တို့ ပတ်ဝန်းကျင်သိပ္ပံအနေနဲ့က non-government organization – NGO အဖွဲ့ အစည်းဖြစ်ပါတယ်။ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး လုပ်ဆောင်တဲ့ အဓိကလုပ်ငန်းနှစ်ခု ရှိပါတယ်။
ပထမတစ်ခုကတော့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး (sustainable development) ဆိုတာ ဘာလဲ။ စီးပွားရေး၊ လူမှုရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတဲ့အချက်တွေ ဘယ်လိုဟန်ချက်ညီအောင် ထိန်းသိမ်းမလဲ၊ ဒါတွေသိအောင် သင်တန်းတွေ ကျွန်တော်တို့ ပေးပါတယ်။ နှစ်လ သင်တန်းတွေပါ။ ဒီသင်တန်းတွေရဲ့ (၂၄) ကြိမ် မြောက်ကို ရှေ့လ ၅ ရက် စဖွင့်မှာဖြစ်ပါတယ်။

▄ ချင်းတွင်းမြစ်ဝှမ်း ဖွံ့ဖြိုးတိုးတက်ရေး ▄

နောက်လှုပ်ရှားမှုတစ်ခုက သုတေသန လုပ်ငန်းတွေ လုပ်ပါတယ်။ ချင်းတွင်းမြစ်ဝှမ်း ဖွံ့ဖြိုး တိုးတက်ရေး သုတေသနလုပ်ငန်းမှာ ဇီဝမျိုးစုံ မျိုးကွဲတွေ ဘယ်လောက် တန်ဖိုး ရှိတယ်၊ လက်ရှိ ဖြစ်ပေါ်နေတဲ့ ဂေဟစနစ်ရဲ့ အခြေအနေက ဘယ်လို ဖြစ်ပေါ်နေ တယ်။ ဇီဝမျိုးစုံမျိုးကွဲနဲ့ ဘယ်လို ဆက်စပ် ပြီးတော့မှ လူတွေအတွက်ဘယ်လောက် အရေးပါ တယ်၊ လူမှုစီးပွားအတွက် ဘယ်လောက် အရေးပါတယ်။ ကျွန်တော်တို့ သုတေသနလုပ် ဖော်ထုတ် ပြီးတော့ ဒါတွေကို သက်ဆိုင်သူတွေ အားလုံး သိအောင်ဖော်ပြပြီး ပူးပေါင်းဆောင်ရွက်နိုင်ဖို့ policy making process ပေါ်လစီထည့်သွင်း နိုင်ဖို့ ကြိုးစားနေပါတယ်။ ဒါက သုတေသန လုပ်ငန်းဖြစ်ပါတယ်။
နောက်တစ်ခုက သဘာဝထိန်းသိမ်းရေး နယ်မြေတွေမှာ ဒေသခံတွေရှိပါတယ်။ ရွာတွေ ရှိပါတယ်၊ ဒီရွာတွေကလည်း ဒီသယံဇာတကို ထုတ်ယူမသုံးစွဲလို့ မရပါဘူး၊ လျှပ်စစ်မီးမရှိတဲ့ အတွက် ထင်းတွေ ခုတ်ယူသုံးစွဲရပါတယ်။ ဒီလို ထုတ်ယူသုံးစွဲတဲ့ အခါမှာ ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် အထောက် အကူပြုမယ့် သုံးစွဲမှုမျိုးဖြစ် လာအောင် ကျွန်တော်တို့ကနေ သူတို့ကို စည်းရုံးသိမ်းသွင်းတဲ့ လုပ်ငန်းမျိုးတွေ လုပ်ပါတယ်။

▄ သဘာဝထိန်းသိမ်းရေး ဒေသခံများပါဝင်ရန် ▄

နောက်တစ်ခါ အမဲလိုက်မယ့်အစား၊ သစ်ပင်ကို ခုတ်ရောင်းမယ့်အစား အခြားသောအသက်မွေး ဝမ်းကျောင်းလုပ်ငန်းပေါ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး နည်းပညာ အထောက်အကူပြုမယ့် လုပ်ငန်းတွေကို ကျွန်တော်တို့က အကောင်အထည်ဖော်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပါတယ်။ တစ်ချိန် တည်းမှာပဲ အဲဒီဒေသခံတွေထဲကမှ ဒေသမှာရှိတဲ့ သဘာဝထိန်းသိမ်းရေးနယ်မြေကို ကိုယ်တိုင် ပါဝင်ပြီး ထိန်းသိမ်းလာအောင် စည်းရုံးတဲ့လုပ်ငန်းတွေကို ကျွန်တော်တို့ လုပ်ပါတယ်။

ဦးကျော်ကျော်လွင် ။ ။ ဆရာ့ ဆွေးနွေးချက်ကို ဖြည့်စွက်ဆွေးနွေးရရင် အလွန် အရေးကြီးပါတယ်။ ကျွန်တော်တို့ သစ်တော မူဝါဒမှာ သဘာဝနယ်မြေဧရိယာ၊ ကြိုးပြင်ကာကွယ်တော၊ ကြိုးဝိုင်းတော အတိုချုံးရည်ရွယ်ချက်ပြောရရင် PAS ဆိုတဲ့ ကာကွယ်ထားတဲ့ protective ဧရိယာဆိုတာ တောရိုင်း တိရစ္ဆာန်၊ သားငှက်၊ သစ်ပင်၊ ပန်းမန်ထိန်းသိမ်းတာ၊ အဲဒီ ဟာက စည်းကမ်းတင်းကျပ်ပါတယ်။

အားလုံးသိတဲ့ အတိုင်း ရွှေစက်တော်၊ အလောင်းတော်ကဿပ ဒါတွေက PAS တွေပါပဲ။ ဒုတိယက ကြိုးဝိုင်းပါ၊ ကြိုးဝိုင်းဆိုတာ နိုင်ငံတော်ရဲ့ စီးပွားရေးအလို့ငှာ သစ်ကိုထုတ်မယ်၊ တတိယကြိုးပြင် ကာကွယ်တောရဲ့ အဓိကရည်ရွယ်ချက်က ဒေသခံပြည်သူရဲ့ နိစ္စဓူဝ လိုအပ်ချက်ကို ထုတ်သုံးမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အမျိုးအစားသုံးခုခွဲပြီး လုပ်ပါတယ်။

ယနေ့ သစ်တောဦးစီးဌာန ဝန်ထမ်းအင်အား မှာ ညွှန်ကြားရေးမှူးချုပ်ကနေ တောကြပ်အထိ အင်အားက ၆ဝဝဝ ပါ၊ ဝန်ထမ်းတစ်ယောက်က ၈၈၃၂ ဧက ထိန်းသိမ်းရမှာ ဧက ၈ဝဝဝ ဘယ်လို မှ မဖြစ်နိုင်ဘူး။ အဲဒီမှာ people participation က အရေးပါလာတယ်။ ကျွန်တော်တို့ သစ်တော ကဏ္ဍမှာ ကျွန်တော်တို့ စီမံခန့်ခွဲ အုပ်ချုပ်နေတာထက်စာရင် ပြည်သူလူထု ပူးပေါင်းပါဝင်မှသာ ရေရှည် တည်တံ့မယ် ဆိုတဲ့အတွက်ကြောင့်၊ ပထမဆုံး ကျွန်တော်ပြောခဲ့တာ ၂ဝဝ၆ ခုနှစ် ပုဂ္ဂလိက အခန်း ကဏ္ဍက ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားတွေ သစ်တောတွေ၊ စိုက်ခင်းတွေ ထောင်ဖို့ people participation အနေနဲ့ ဖိတ်ခေါ်တယ်။

▄ ပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်း ▄

အဲဒီမတိုင်ခင် ၁၉၉၅ ခုနှစ်က ဒေသခံပြည်သူတွေရဲ့ စားဝတ်နေရေးလိုအပ်ချက်၊ ၂ဝ၁၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အရ စုစုပေါင်း လူဦးရေ ၅၁ သန်းမှာ အိမ်ထောင်စု ခေါက်ချိုးက (၁ဝ ဒသမ ၈) မီလီယံ၊ အဲဒီမှာ ဒီထက်ပြည့်စုံတဲ့ social economic survey ရဲ့ သန်းခေါင်စာရင်းမေးခွန်းတွေအရ ၈၁ ရာခိုင်နှုန်းက ထင်းမီးသွေးသုံးတယ်ဆိုတဲ့ result ထွက်တယ်။ ၁ဝ ဒသမ ၈ မီလီယံ အိမ်ထောင်စု အတွက် နေ့စဉ်ထင်းလိုအပ်ချက်က များတယ်။ ၇ဝ ရာခိုင်နှုန်းက rural ၊ urban population က ၃ဝ ရာခိုင်နှုန်း၊ အဲဒီတော့ ဒီ ၇ဝ ရာခိုင်နှုန်းက rural လို့ ဆိုတယ်။ သစ်တော သို့မဟုတ် သစ်တောနဲ့အနီးမှာ နေတဲ့သူတွေကို ကျွန်တော်တို့ သစ်တော ဦးစီးဌာနက ထိန်းသိမ်းထားတဲ့ သစ်တောကြိုးပြင်ကာကွယ်တောထဲမှာ ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တော တည်ထောင်ခြင်း ဆိုတဲ့လုပ်ငန်းကို ၁၉၉၅ ခုနှစ်ကနေစပြီး ဆောင်ရွက်ပါတယ်။

အဲဒီလိုဆောင်ရွက်တဲ့ အချိန်မှာ ဒေသခံ ပြည်သူတွေက သူတို့အနီးအနားမှာရှိတဲ့ သစ်တော ကို CF certificate ပေးပြီး သူတို့ဘာသာ စီမံအုပ်ချုပ်၊ နေ့စဉ်လိုအပ်တဲ့ သစ်၊ တိုင်၊ ထင်း၊ ဝါး၊ မျှစ်၊ မှို အားလုံးကို ထုတ်သုံး၊ နိုင်ငံတော်ကို ဒေသခံအစု အဖွဲ့ပိုင်အတွက်၊ ပုဂ္ဂလိကသစ်တော ဆိုရင် မြေငှားရမ်းခ ပေးရတယ်။ လက်ရှိ တစ်နှစ် တစ်ဧကကို ၂ဝဝ၊ လာမယ့် အောက်တိုဘာကစပြီး တစ်ဧကကို ၁ဝဝဝ၊ မြေငှားရမ်းခပေးရတယ်။ ခုန CF ကျတော့ ကျေးရွာသူ ကျေးရွာသားကိုပေးတော့ မြေငှားရမ်းခ ပေးစရာမလိုဘူး။ အဲဒီထဲကထွက်တဲ့ နေ့စဉ်လိုအပ်ချက်ကိုလည်း နိုင်ငံတော်ကို အခွန် ပေးစရာမလိုဘဲ ထုတ်ယူသုံးစွဲခွင့်ရှိတယ်။ community policy user group လို့ ခေါ်ပါတယ်။ အဖွဲ့ပေါင်း ၃၈၈ဝ ကျော်ဖွဲ့ပြီး အဖွဲ့ဝင်မိသားစု တစ်သိန်းကျော်၊ သစ်တော ဧရိယာဧက ၅ သိန်း ၂ သောင်း ပေးခဲ့ပြီးပါပြီ။

ကျွန်တော်တို့ရဲ့ ၂ဝ၃ဝ ပြည့်နှစ် target ကတော့ ၂ ဒသမ ၂၇ သန်းအထိ ဒေသခံပြည်သူကို people participation ၊ ကျွန်တော်တို့နဲ့ ပြည်သူ နဲ့ people participation ပူးပေါင်းဆောင်ရွက် တဲ့အခါမှာ INGO, NGO, CSOတွေ ကဏ္ဍ က ဘယ်လောက်အရေးပါတယ်ဆိုတာ ဆရာ ဒေါက်တာဝင်းမောင် ဆွေးနွေးသွားသလို၊ သူတို့က အဲဒီကဏ္ဍမှာ ဒေသခံပြည်သူတွေ အထဲ ကိုဝင်ရောက်ပြီး community policy ပညာ ပေးတယ်၊ စည်းရုံးတယ်၊ ဒါ့ကြောင့် ဆရာတို့ရဲ့ CSO ကဏ္ဍဟာ ကျွန်တော်တို့ရဲ့ သစ်တောကဏ္ဍ ရေရှည်တည်တံ့ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် အရေးပါတဲ့ အားကိုးရတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

ဦးခွန်အောင်စိုး ။ ။ ဆရာပြောသွားတဲ့အထဲမှာ လူ၊ တိရစ္ဆာန်၊ အားလုံးက ဒီသစ်တောကို မှီတယ်၊ နေတယ်၊ ထိုင်တယ်၊ ကျွန်တော်တို့ သစ်လုပ်ငန်းရဲ့ အဓိက လုပ်ငန်းကြီး တစ်ခုလုံးက ဆင်ထိန်း သိမ်းရတာ၊ စုစုပေါင်း မြန်မာ့သစ်လုပ်ငန်းက ထိန်းသိမ်းထားတာ ၃ဝ၇၉ ကောင် ပါ။ ဒီဆင်ကို ထိန်းသိမ်းတဲ့စရိတ်က ကြီးပါတယ်။ ဆင်ရဲ့သဘာဝအရ တောမှာပဲနေတယ်၊ ရေကြည်ပဲ သောက် တယ်။ တောတောင်နဲ့ တောနက်မှာပဲ သူနေတယ်။ ဒါကြောင့် ဆင်နဲ့ လူတွေနဲ့ ပဋိပက္ခတွေ ဖြစ်တယ်ဆိုတာ၊ လူတွေကပဲ ဆင်တွေနေတဲ့နေရာ ကို သွားနေတာလား။

▄ ပတ်ဝန်းကျင်ထိခိုက်မှုနည်းအောင် သစ်ထုတ် ▄

မြန်မာ့သစ်လုပ်ငန်းမှာ ဆင်တစ်ကောင် အသက်ရလာပြီ ၁၈ နှစ်ပြည့်ရင် ဆင်ဦးစီး၊ ပဲ့ချိတ် တစ်ယောက် ထားရတယ်။ အဲဒီအသုံးစရိတ်ကို နိုင်ငံတော်ဘတ်ဂျက်က ချပေးတယ်။ ကျွန်တော်တို့ သစ်ထုတ်တဲ့အချိန်မှာ ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ထုတ်ပါတယ်။ ဘာနဲ့ထုတ်လဲ ဆိုရင် ဆင်နဲ့ထုတ်တဲ့အတွက် သက်သာတာ။ နေရာတကာ လမ်းတွေထိုး၊ စက်တွေနဲ့ လိုက်လုပ် နေရင်တော့ တောက မြေနီတွေ ဖြစ်သွား တာပေါ့။

ကျွန်တော်တို့ သစ်ထုတ်တဲ့နေရာဟာ မြေနီတွေ ဘာလို့မဖြစ်တာလဲဆို လှဲမယ့်အပင်၊ သစ်တောခွင့်ပြု အမှတ် ရိုက်ပြီးတဲ့အပင်တွေကို ခုတ်တဲ့အချိန်မှာတောင် တခြား သစ်ပင်ကြီးတွေ၊ အပင်လတ်တွေ အများကြီးမပါအောင် လှဲမယ့်နေရာ ဘယ်အပေါက် ကို လှဲမလဲ၊ အဲဒီလောက် အထိ စေ့စေ့စပ်စပ် လှဲပြီးရင် ဆင်နဲ့ ကျွန်တော်တို့က ဖြတ်ပိုင်းပြီး ဆွဲထုတ်ပါတယ်။ အဲဒီမှာ လုပ်သားဆင် လို့ ခေါ်ပါတယ်။ လုပ်သားဆင် ၃ဝဝဝ မှာ ၁၅ဝဝ လောက်ပဲ လုပ်သားဆင်လို့ ခေါ်ပါတယ်။ လုပ်သား ဆင်ဆိုတာ လူလိုပေါ့။ လူသက်တမ်းနဲ့ ဆင် သက်တမ်းက တူပါတယ်။ ၁၈ နှစ်ပြည့်ရမယ့် ဆင်ဖြစ်ရမယ်၊ သန်မာရမယ်၊ ကျန်းမာရမယ်၊ အဲဒီဆင်ကိုသုံးပြီး ကျန်တဲ့ ၅၅ ကျော်တဲ့ ဆင်အို တွေကျတော့ ဆင်အိုတွေထားတဲ့ ဆင်ဆေးရုံမှာ ထားတယ်။

▄ ဆင်အခြေပြု ခရီးသွားလုပ်ငန်း ▄

ပင်စင်ပေးလိုက်တာပေါ့၊ ဒါပေမယ့် ထိန်းရ သေးတယ်၊ ဆင်သတ်တဲ့ မုဆိုးတွေကလည်း များတယ်။ ဆင်ပေါက်တွေ၊ ဆင်အသေးတွေကို သီးခြား ထိန်းကျောင်းပါတယ်။ ထိန်းကျောင်းတဲ့ အခါမှာ ဆင်ကိုအခြေပြုပြီး ခရီးသွား လုပ်ငန်းတွေ ၁၉ ခု မြန်မာ့သစ်လုပ်ငန်းက ထောင်ထားပါတယ်။ ဆင် ၂၅၆ ကောင် သုံးထားပါတယ်။ အဲဒီမှာ သုံးတဲ့ ဆင်ဟာ အလုပ်ဆင် မဟုတ်သော ဆင်ပေါက်၊ ဆင်ကလည်း လူလိုပဲဆိုရင် ၁၃ နှစ်၊ ၁၄ နှစ်ဆို ကျွမ်းကျင်နေပြီ။ ငါးနှစ်မှ သူတို့ကို Train ပေးတာ ပါ။ အသက်ကြီးတဲ့ ဆင်ကြီးနဲ့ ဆင်သေးပေါ့။ အဲဒါမျိုးတွေနဲ့ ကျွန်တော်တို့က ဆင်စခန်းဖွင့်ပြီး ဆောင်ရွက် နေပါတယ်။ ပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ သတ္တဝါတစ်ခုဖြစ်တဲ့ ရှားပါးတဲ့ဆင်ကို ကျွန်တော်တို့ ထိန်းတဲ့ အကြောင်းလေး တင်ပြ ရတာပါ။

ဦးကျော်ကျော်လွင် ။ ။ သစ်တောကဏ္ဍရဲ့ စီးပွားဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းမှာ သစ်ထုတ်၊ ခုတ်ပြီး ရောင်းတာအပြင် ပုဂ္ဂလိကရော၊ နိုင်ငံတော်ရော၊ သစ်တော စိုက်ခင်း တည်ထောင်တဲ့ ရင်းနှီးမြှုပ်နှံမှု တစ်ခု၊ နောက်ထပ် တစ်ခုက သဘာဝကို အခြေခံသော ခရီးသွားလုပ်ငန်း၊ ဒါလည်း ကျွန်တော်တို့ မြန်မာနိုင်ငံက အားလုံးသိတဲ့ အတိုင်းပဲ ပြည်တွင်းမှာကို အရင်ထက်စာရင် ရိုးရိုးဘုရားဖူးတာထက် ရွှေစက်တော်၊ အလောင်းတော်ကဿပ၊ အင်းတော်ကြီး ဘုရားပွဲဆိုရင် တကယ့်သဘာဝကို အခြေခံတဲ့ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်တယ်။

ဒါကလည်း ကျွန်တော်တို့ သစ်တောကဏ္ဍအတွက် အလွန်အရေးကြီးတဲ့ Carbon Emission လုံးဝမထုတ်လွှတ်တဲ့ စီးပွားရေးလုပ်ငန်း၊ ကျွန်တော်တို့အတွက် Green Economy ဆိုတာ အလွန် အရေးကြီးပါတယ်။ ဒီဟာနဲ့ ပတ်သက်လို့ ပြောရရင် Protected Area ထဲက သဘာဝကို အခြေခံတဲ့ ခရီးသွားလုပ်ငန်းကို သစ်တော ဦးစီးဌာနက ဖွင့်ထားတာ အားလုံးပေါင်း စခန်း ၁၈ ခု ရှိပါ တယ်။ ရွှေစက်တော်၊ အလောင်းတော်ကဿပ၊ အင်းတော်ကြီး ဒါတွေအားလုံးက သဘာဝနယ်မြေ တွေပါ။

မြန်မာ့သစ်လုပ်ငန်းက ပြောသွားတာ ဆင်စခန်းက ၁၉ ခု ဖွဲ့ထားပြီ။ ဒီ ၁၉ ခုကိုလည်း ကျွန်တော်တို့ ခန့်မှန်းထားတာထက်ကို အံ့အားသင့်လောက်အောင် လာကြပါတယ်။ ဆင်အကြောင်းကို အထွေထွေ မန်နေဂျာကြီးက ပြောသွားတာ နိုင်ငံပိုင်ဆင် ၃ဝဝဝ ၊ ကျွန်တော်တို့ သစ်တောဦးစီးဌာနမှ မှတ်ပုံ တင်ထားတာက နိုင်ငံ ပိုင်ဆိုတာ သစ်တောဦးစီးဌာနနဲ့ မြန်မာ့သစ် လုပ်ငန်းပိုင်တဲ့ဆင်က ၃ဝဝဝ ပါ။ ဒါပေမယ့်လည်း ပုဂ္ဂလိကပိုင်ဆင်က ၂၅ဝဝ ရှိတယ်။ ကမ္ဘာပေါ်မှာ ဆင်ယဉ်၊ ဆင်မွေးတိရစ္ဆာန် ဆင်အကြွယ်ဝဆုံးက ၅၅ဝဝ ရှိပါတယ်။ ၅၅ဝဝ မှာ တောရိုင်းဆင်ဆိုတာ ကလည်း ရှိသေးတယ်။

▄ အလုပ်လက်မဲ့ဆင် အသုံးချရန် ဆောင်ရွက်နေ ▄

ဆင်တွေ အသတ်၊ အဖြတ် ခံနေရတယ်။ ဒါတွေအားလုံးလည်း ဆရာတို့အသိပဲ။ အဲဒီတော့ ကျွန်တော်တို့ မြန်မာ့လူမျိုးက ဆင်နဲ့ ဘယ်လောက် လက်ပွန်းတတီး ရှိလဲဆိုတော့ ဆင် ၅၅ဝဝ ကတော့ ကြိုက်တဲ့နေရာမှာတွေ့၊ ယဉ်နေတာပဲ။ တောဆင် ရိုင်းလည်း ရှိတယ်။ ဒါပေမယ့် မြန်မာ လူမျိုးက ဆင်နဲ့ အကျွမ်းတဝင်ရှိတယ်။ အရင်တုန်းက သစ်ပဲ ထုတ်ဖို့ရာ သုံးခဲ့တယ်။ အခုသစ်ထုတ် တာကို လျှော့ချ လိုက်တော့ အလုပ်လက်မဲ့ဆင်တွေ ပေါလာတယ်။

အလုပ်လက်မဲ့ဆင်တွေ ဖြစ်လာရင် အဲဒီဆင်တွေကို ဘယ်နေရာမှာ ပြန်အသုံးချမလဲ ဆိုတာ အခု Elephant base Ecotourism ဆိုပြီး မြန်မာ့သစ်လုပ်ငန်းက ဆောင်ရွက်နေတယ်။ တခြားပုဂ္ဂလိက တွေနဲ့ ဆောင်ရွက်ဖို့၊ ပူးပေါင်း ဆောင်ရွက် မယ်ဆိုရင် သစ်တောကဏ္ဍရဲ့ စီးပွားရေးတစ်ခုအနေနဲ့ ငှားထားတယ်။ ပုဂ္ဂလိကက ဒါမျိုးလုပ်ချင်လို့ ဆိုရင်လည်း ငှားတယ်။

ဒေါက်တာဝင်းမောင် ။ ။ ဆင်တို့ ၊ ကျားတို့က မျိုးသုဉ်းတော့မယ့် သတ္တဝါတွေထဲမှာ ပါတယ်။ ပါတဲ့အခါမှာ ဆင်တွေ၊ ကျားတွေကို သတ်ဖြတ်ပြီးတော့ ရောင်းဝယ်တဲ့ illegal Trade တွေကို ပျောက်ပျက်အောင်၊ မရှိအောင်ဆောင်ရွက်တာက တစ်ပိုင်းပါ။ သဘာဝ တောဆင်တွေ မျိုးသုဉ်းဖို့က တဖြည်းဖြည်းနဲ့ နီးလာတဲ့အချိန်မှာ ကိုယ်က ဆင်ယဉ်တွေအဖြစ် ထိန်းသိမ်းထားနိုင်တာက ဒါကလည်း Conservation ပါ။ မျိုးသုဉ်းခါနီးနေတဲ့ ဆင်တွေကို ထိန်းသိမ်းတဲ့အခါမှာ အောင်မြင်တဲ့ နည်းတစ်ရပ် လို့ ကျွန်တော်တို့ သတ်မှတ်ထားပါတယ်။

အစီအစဉ်မှူး ။ ။ ကျွန်တော်တို့ ဆင်တွေကို ထိန်းသိမ်း စောင့်ရှောက်ခ (ဒါမှမဟုတ်) ကျွေးမွေးတာ တစ်နေ့ကို ဘယ်လောက်လောက်ရှိပါသလဲ။

ဦးခွန်အောင်စိုး ။ ။ ကျွန်တော်သိသလောက်ကတော့ ၁၈ နှစ် ပြည့်ပြီး တဲ့ ဆင်က ဆား ၁၅ ပိဿာနဲ့ မန်ကျည်းပိဿာ အချိန် ၃ဝ တစ်နှစ်စရိတ်သုံးရမယ်။ ကျွန်တော် တို့က တောထဲမှာပဲဖြစ်တဲ့အတွက် ဒရိုင်ဘာနဲ့ စပယ်ယာ နှစ်ယောက်ရဲ့လစာ ကောင်းကောင်းပေးရတယ်။ မနက်အလုပ်ချိန်မှာ သစ်ဆွဲတယ် လုပ်လိုက်တယ်။ ညနေ ၄ နာရီခွဲ ၅ နာရီမှာ အလုပ်သိမ်းတယ်။

ဦးကျော်ကျော်လွင် ။ ။ သိမ်းပြီးရင် ဆင်ဦးစီးက ထူးခတ်ထားတာ ဖြုတ်ပြီး ဆင်ကို တောထဲ လွှတ်လိုက်တယ်။ တစ်ညလုံး တောထဲမှာရှိတဲ့ သဘာဝအသီးအနှံတွေ စားတယ်။ တောငှက်ပျောတွေ စားတယ်။ စာရင်းအနေနဲ့ ဆားနဲ့ မန်ကျည်းနဲ့ ပေးထားပြီး လိုအပ်မှ နေမကောင်းတဲ့ဆင်ကိုမှ အထူးဆင်ဆရာဝန်နဲ့ ကျွေးတယ်။ ပုံမှန်ညနေ ၅ နာရီ၊ ၆ နာရီဆို တောထဲ လွှတ်လိုက်တယ်။ ဆင်ဦးစီးကနေ သူ့ခြေရာလိုက်ပြီး ဆင်ကိုကောက်ပြီး အလုပ်လုပ်ဖို့ ပြန်လာတယ်။ ဆင်က Memory ကောင်းတယ်။

ဦးခွန်အောင်စိုး ။ ။ သူ့ဆင်ဦးစီးရဲ့ အသံကိုမှတ်မိတယ်။ တခြားလူ အသံဆိုရင် ငြိမ်နေတယ် မထူးဘူး။ ဆင်ဦးစီးက အော်လိုက်ရင် သူကပြန်ထူးတယ်။ တစ်ခုရှိတာက ကျွန်တော် ဆင်ဆရာဝန်ကို မေးကြည့်တယ်။ ဒီမှာ ဆင်ဖြူတော်တွေ ထားထားတာ။ အဲဒီဟာက စရိတ်ကြီးတာ။ တောထဲက ဆင်က စရိတ်မကြီးဘူး။ တစ်နေ့ကို ကျွန်တော်တို့ ကိုင်းပင်လိုမျိုး ပိဿာချိန် အနည်းဆုံး ၁၂ဝ ကျွေးရတယ်။ သွားသွားခုတ်ပြီး သူတို့ကိုကျွေးရတာ။ ကြံတွေအပြင်ကို သူ့ရဲ့ အဓိက စားတဲ့အစာကို ပတ်လည်တောထဲကို သွားခုတ်ပေး ရတယ်။

အစီအစဉ်မှူး ။ ။ မြန်မာ့သစ်လုပ်ငန်းဆိုပေမယ့်လည်း ကျွန်တော်တို့က ဆင် တွေနဲ့က ခွဲခြားလို့မရ ပါဘူး။ သစ်ကိုမြင်ရင် ဆင်ပါ ပါရမယ်။ သစ်လုပ်ငန်းနဲ့ စီးပွားရေး ဆက်စပ်မှု အကြောင်းအရာကို ဆွေးနွေးပေးပါဦး။

ဦးခွန်အောင်စိုး ။ ။ သစ်လုပ်ငန်းနဲ့ စီးပွားရေးဆိုတော့ အခုကျွန်တော်တို့ တင်ဒါစနစ်ကြီးပဲ ရောင်းတဲ့အချိန်မှာ ပြန်ကောက် ရရင် နိုင်ငံတော်ဘတ်ဂျက် သတ်မှတ်ပေးထား ပါတယ်။ ပြီးခဲ့တဲ့ နှစ်ဆိုရင် ပြည်တွင်းရောင်းဆိုရင် မြန်မာကျပ်ငွေ ၉၈ ဘီလီယံပါ။ တင်ဒါရောင်းတာက ၁၁၄ ဘီလီယံ ရရှိပါတယ်။ ကျွန်တော်တို့ ရောင်းတဲ့ ငွေအားလုံးက နိုင်ငံတော်ဘတ်ဂျက်ထဲ ဝင်ပါတယ်။ ပြည်ပ ရောင်းအား ဒေါ်လာနဲ့ ရောင်းတဲ့ငွေသည် ဘီလီယံသတ်မှတ်ချက် ဒေါ်လာ ၁၃၉ သန်း ရှာပေး နိုင်ပါတယ်။ ဒီလို Target ကို အမြဲတမ်းကျော်လွန် အောင် ရှာပေးနိုင်တာကလည်း မြန်မာ့သစ်လုပ်ငန်း ရော၊ သစ်တောဦးစီးဌာနကရော ကျွန်တော်တို့ကို ခွင့်ပြုတဲ့တန်ပေါ်မှာ တင်ဒါစနစ်နဲ့ ရောင်းတဲ့အတွက် လုပ်ငန်းရှင်တွေကလည်း ဈေးမှန်ပေးပြီး ဝယ်ကြ ပါတယ်။

စနစ်ကတော့ ကျွန်တော်တို့က လက်ကားသဘောမျိုး ရောင်းလိုက်တယ်။ လုပ်ငန်း ရှင်တွေက စက်မှာခွဲတယ်။ ပြည်သူလူထုတွေကလည်း လွယ်ကူစွာနဲ့ သစ်တစ်ချောင်း ကအစ သူတို့ဆိုင်က ဝယ်လို့ရပါတယ်။ ဈေးကွက်စည်းမျဉ်း ပြောင်းလဲ သွားတဲ့အခါ သစ်လုပ်ငန်းက ရောင်းပေးပါ၊ ရောင်းပေးပါဆိုတာ တစ်ဦးချင်းကို ရောင်းပေးတဲ့ ဓလေ့က မရှိတော့ဘူး။ မရှိဘူးဆိုတာက လက်ကား ရောင်းတယ်။ တစ်နိုင်ငံလုံးမှာ သစ်တောဦးစီးဌာန က ခွဲမိန့်ချထားပေးတဲ့ စက်တွေအများကြီးပါ။ အဲဒီ စက်တွေက ခွဲကြပါတယ်။ နိုင်သလောက် လာဝယ်ခွဲ ပေးပါလို့ သစ်လုပ်ငန်းရှင်တွေကို နှိုးဆော်ပါ တယ်။ မြန်မာ့သစ်လုပ်ငန်းက လစဉ်ရောင်းပေးနေပါတယ်။

▄ သစ်တစ်ပင်ခုတ် သုံးပင်ပြန်စိုက် ▄

နောက်တစ်ခုက သစ်ခုတ်တယ်၊ သစ်ခုတ် တယ်ဆိုရင်ပဲ လက်ရှိကျွန်တော်တို့ ဝန်ကြီး ဆိုရင် ပြန်စိုက်ခိုင်းပါတယ်။ ကျွန်တော်တို့ သစ်တစ်ပင် ခုတ်ရင် သုံးပင်ပြန်စိုက်ပေး ရပါတယ်။ ပြီးခဲ့တဲ့နှစ်ဆိုရင် ကျွန်တော်တို့ သစ်တစ်သိန်းခွဲ ခုတ်လိုက်ပါတယ်။ လေးသိန်းရှစ်သောင်း ပြန်စိုက်ပြီးပါပြီ။ အဲဒီအပြင် ဧရာဝတီတိုင်းဒေသကြီးက ခရုကြိုးဝိုင်း မှာ ဧက ၅ဝ ၊ ပဲခူးတိုင်းဒေသကြီး သာယာဝတီမှာ ဧက ၅ဝ နဲ့ ကျောက်တံခါးမြို့နယ် ကြိုးဝိုင်းမှာ ဧက ၅ဝ က သီးခြားစီးပွားရေးကျွန်းအနေနဲ့ မြန်မာ့ သစ်လုပ်ငန်းက စိုက်ပြီးပါပြီ။ မြန်မာ့သစ်လုပ်ငန်းက သစ်ထုတ်တဲ့အပြင်ကို သစ်ပင် စိုက်တာ နောက်ဆုံးဆိုရင် ဝါးပါစပြီး စိုက်နေပါပြီ။ သစ်လုပ်ငန်းဆိုတာနဲ့ သစ်ကြီးပဲ ခုတ်တယ်လို့ မမြင်အောင် အစားလည်း ပြန်စိုက်ပါတယ်။

အစီအစဉ်မှူး ။ ။ နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ သစ်တော၊ သယံဇာတ အပါအဝင် သဘာဝသယံဇာတ ဂေဟစနစ်တွေအရေးပါမှု ဆရာတို့ရဲ့ ပတ်ဝန်းကျင် ရှုထောင့်အနေနဲ့ သုံးသပ် တင်ပြပေးတာလည်း ပြောကြားပေးစေလိုပါတယ်။

ဒေါက်တာဆန်းဦး ။ ။ ကျွန်တော့်ရှေ့မှာ DDG ရော၊ GM ကြီးရော ဆွေးနွေးတင်ပြ သွားသလို နိုင်ငံတော်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် သစ်တောကဏ္ဍ သစ်ထုတ်လုပ်ရေးကိစ္စတွေဟာ သစ်တောကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ သစ်တော သစ်ပင်တွေကို စနစ်တကျခုတ်ယူပြီး နိုင်ငံ့ဝင်ငွေ ရှာဖွေပေးနေတဲ့ လုပ်ငန်းတွေက အင်မတန်မှ အကျိုးကျေးဇူးကြီးမားတယ်။ အင်မတန်မှလည်း အရေးပါတယ်။ ဒီနေရာမှာ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာနအနေနဲ့ကလည်း ပတ်ဝန်းကျင် ရှုထောင့်ကနေ တင်ပြရမယ်ဆိုရင် သစ်တော ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ သစ်ထုတ်လုပ်ရေးအပါအဝင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းတွေ၊ ငါးသယံဇာတ၊ ရေသယံဇာတ၊ တွင်းထွက်သယံဇာတ စတဲ့သယံဇာတတွေကို ထုတ်ယူသုံးစွဲပြီး တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု အတွက် ဆောင်ရွက်တဲ့အခါမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ရှုထောင့်ကနေပြီး ပါဝင်ပူးပေါင်းပြီး ဆောင်ရွက်ပေးဖို့ ပေါ်ပေါက် လာတာဖြစ်ပါတယ်။

ပြောရမယ်ဆိုရင် သစ်တောသစ်ပင်ကဏ္ဍ အရေးပါပုံ၊ ဂေဟစနစ်တွေရဲ့ အရေးပါပုံက အင်မတန်မှ တိုင်းပြည်အတွက် လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ အကျိုးကျေးဇူးတွေ သာမက လက်ဆုပ် လက်ကိုင် မပြနိုင်တဲ့ သစ်တောသစ်ပင်တွေကနေ အရိပ် အာဝါသတွေ ရတယ်။ သဘာဝအခြေခံ ခရီးသွား လုပ်ငန်းတွေဆိုတာလည်း တကယ်တမ်းကျတော့ သစ်ထုတ်လုပ်ရေး ကဏ္ဍကနေ ရပါတယ်။ ဒါတွေကို ကိန်းဂဏန်းရလဒ်နဲ့ မဖော်ပြနိုင်တဲ့၊ ဖော်ပြဖို့ရာ ခဲယဉ်းတဲ့ အကျိုးကျေးဇူးတွေ ဖြစ်ပါတယ်။

▄ ရာသီဥတုပြောင်းလဲမှု ပိုမိုကြုံတွေ့ ▄

ဂေဟစနစ်တွေရဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကလည်း အင်မတန်မှ အရေးပါတယ်။ လူသားတွေရဲ့ အသက်ရှင်သန်ရပ်တည်ရေးအတွက် ကြီးမားတဲ့ အခန်းကဏ္ဍတွေမှာ ပါဝင်ပြီး ဖြည့်ဆည်းပေးနေ တယ်။ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်နဲ့ပတ်သက်လို့ ကျွန်တော်နည်းနည်း ပြောချင်ပါတယ်။ ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်ဟာ မြန်မာနိုင်ငံ သာမကဘူး။ တစ်ကမ္ဘာလုံးမှာပါ တစ်နေ့တခြား ပိုမိုတိုးတက် များပြားစွာနဲ့ ကြုံတွေ့ လာရတဲ့ ကိစ္စရပ်ကြီး ဖြစ်ပါ တယ်။

သဘာဝဖြစ်စဉ်ကြီးကို ရင်ဆိုင်တွန်းလှန်နိုင်ဖို့က ကမ္ဘာ့နိုင်ငံအသီးသီးက လူသား အားလုံးလက်တွဲ ပြီး ရင်ဆိုင်ဖြေရှင်းဖို့ရာ ဖြစ်လာပါတယ်။ ဒီဖြစ်စဉ် ကြီးကို လူသား အားလုံး ရင်ဆိုင်ဖြေရှင်းဖို့ကိစ္စမှာ အားလုံးလက်တွဲညီညီနဲ့ ပူးပေါင်းပါဝင်ပြီး သဘာဝ သယံဇာတတွေကို ထိန်းသိမ်းကာကွယ်ဖို့ရာ အများ ပြည်သူကိုလည်း အသိပညာပေး ရင်းနဲ့ တိုးတက်ခေတ်မီလာတဲ့ နည်းပညာရပ်တွေ၊ ငွေကြေး တွေကို သုံးစွဲပြီး ပျက်စီးဆုံးရှုံးမှုမဖြစ်အောင်၊ ပျက်စီး ဆုံးရှုံးမယ်ဆိုရင်လည်း အနည်းဆုံးဖြစ်အောင် ဘယ်လိုလက်တွဲပူးပေါင်းပြီး ဆောင်ရွက်သွားမလဲ ဆိုတာ အဖြေရှာဖို့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ဒေါက်တာဝင်းမောင် ။ ။ Forest Ecosystem သစ်တောဂေဟစနစ် တင်မကဘူး။ ဂေဟစနစ်ဆိုတာက မြှင့်တင်ရေး ဂေဟစနစ်၊ ပင်လယ်ရဲ့ဂေဟစနစ်၊ ကျွန်တော်တို့ နိုင်ငံမှာဆိုရင် မြန်မာပြည်ရဲ့ တောင်ဘက်စွန်းမှာ ကျွန်းပေါင်း ၈ဝဝ ကျော် ဘေးဘက် မှာရှိတော့ကျွန်း တွေရဲ့ ဂေဟစနစ်ဆိုပြီး ရှိပါတယ်။ ဂေဟစနစ်တိုင်းသည် လူတွေ အတွက် အင်မတန်အရေးကြီးပါတယ်။ ဥပမာဆိုပါတော့ မြစ်ကြောင်းရဲ့ ဂေဟစနစ် ကိုကြည့်ရင် မြန်မာ့ပတ်ဝန်းကျင်သိပ္ပံအနေနဲ့ ချင်းတွင်းမြစ်ဝှမ်းရဲ့ ဂေဟစနစ်နဲ့ ဇီဝမျိုးစုံမျိုးကွဲကို ၂ဝ၁၈ - ၂ဝ၁၉ မှာ လေ့လာနေပါတယ်။ လေ့လာ ရတဲ့ အကြောင်း အရင်းက ဒီမြစ်ကြောင်းဂေဟစနစ် က လူတွေအတွက် ဘယ်လောက်အရေးကြီး သလဲ ဆိုရင် ရေကြောင်းသွားလာရေးအတွက် အရေးကြီးပါတယ်။ ဂေဟစနစ်ရဲ့ ဝန်ဆောင်မှုဆိုတဲ့ထဲမှာ ဝန်ဆောင်မှုလေးမျိုး အကျယ်ချဲ့ပြီး တစ်ခုချင်း မပြောတော့ ပါဘူး။ ဥပမာဆိုရင် ရေပါ။ သောက်တဲ့ရေကို ချင်းတွင်းမြစ်ကနေ ဟိုတုန်းကရတယ်။ ချိုးတဲ့ရေ၊ သုံးတဲ့ရေ ချင်းတွင်းမြစ်က ရတယ်။ ဒါကလည်း ဂေဟစနစ်ရဲ့ ဝန်ဆောင်မှု ပါပဲ။

နောက်တစ်ခါ ချင်းတွင်းမြစ်ထဲမှာရှိတဲ့ ငါး တွေ၊ ပုစွန်တွေ၊ သယံဇာတတွေ ဆရာဒေါက်တာဆန်းဦးပြောတဲ့ သဘာဝသယံဇာတထဲမှာ မြစ်ရဲ့ ဂေဟစနစ်ထဲမှာ ရှိတဲ့ ငါးတွေ၊ ပုစွန်တွေ ဒါတွေကလည်း လူတွေက ထုတ်ယူပြီးမှ သုံးစွဲလို့ရတယ်။ ချင်းတွင်းမြစ်နဲ့ တစ်ဆက်တည်းရှိနေတဲ့ ဥပမာ ပေါက်အင်းဆိုပါတော့။ ပေါက်အင်းဒေသကြီးမှာ ဒီလိုမိုးရာသီဆိုရင် ရေကြီးပါတယ်။

0 comments:

Post a Comment

Popular Posts